Wednesday 13 July 2011

လမြတ်ဝါဆို


လမြတ်ဝါဆို

ပုန်းညက်ညိုပွင့်ဖူး -- ၀ါဆိုဦးမမို့ ထူးလှသည် --

ဝါဆိုလဖွဲ့

ကိုးခွင်ငယ်မှို်င်းပါလို့၊

မြင်တိုင်းမှာတဲ့မည်းညို
လဲ့လဲ့ငယ်စို၊

ယုဂန္ဓိရ်တောင်မဟာက
ပြုဗ္ဗာသဠ်ထွန်းတဲ့လကိုလေး။
ဆင်တာရာငယ်၊ရာသီကရကဋ်
နရိန္ဒာလဲ၊ညာတောင်နတ်နှင့်
ဖိုလ်မြတ်ကယ်နိဗ္ဗူ

အောင်ဆုယူလို့
ရှစ်ဖြူရိပ်စံ၊

ပဉ္စင်းတော်ခံသော့ခါ
ရေလျှံတဲ့ဝါဆိုမှာ၊ပုန်းညက်ညို
မာလာမင်းကသင်းလှတယ်လေး။

(မဟာအတုလမင်းကြီး၏ ဆယ်နှစ်လရာသီဖွဲ့လွမ်းချင်း)

ဝါဆိုလသည် စတ္ထုထမြောက်မြန်မာလဖြစ်သည် ပူအိုက်သော နွေရာသီကုန်ဆုံး၍ မိုးဥတုသို့ လုံးဝကူးပြောင်းသောကလဖြစ်သည် ။ ရှေးက ၀ါဆိုလကို မြယ်တာလ ၊ နွယ်တာလ ၊ နွေတာလ ခေါ်ဆိုခဲ့ကြသည် ။ ၀ါဆိုလတွင် ကောင်းကင်တွင် ငွေစန္ဒာလမင်းနှင့်အတူ ပြုဗ္ဗာသဠ်နက္ခထွန်းလင်းသည်။ရာသီပန်းမှာပုန်းညက်ပန်းဖြစ်သည် ၊

``၀ါဆိုလ´´ဟုဆိုရာတွင် ၀ါ-မှာ ၀ါသ-ဟူသောပါဠိမှဆင်းသက်လာပြီး ``နေခြင်း´´ဟု အဓိပ္ပါယ်ရသည်။ ဆို-မှာ ``ရွတ်ဆိုခြင်း´´ဟုအဓိပ္ပါယ်ရသည်။ ``၀ါဆိုလ´´၏ အဓိပ္ပါယ်အပြည့်အစုံမှာ ရဟန်းတော်များ ၀ါတွင်း(မိုးတွင်း) သုံးလပတ်လုံး မိမိတို့သီတင်းသုံးရာကျောင်း၌နေပါမည်ဟု ရွတ်ဆိုကတိပြုသော လဟု အဓိပ္ပါယ်ရကြောင်း မှတ်သားရပါသည်။

ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ရခြင်းအကြောင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းသံဃာတော်များသည် နွေ, မိုး, ဆောင်း ဥတုသုံးပါးလုံး ခရီးလှည့်လည်သွားလာကြသည်။ မိုးတွင်းကာလ တောင်သူလယ်သမားတို့ လယ်ယာစိုက်ပျိုး ချိန်တွင် ခရီးလှည့်လည်ကြသော သံဃာတော်တို့ကြောင့် စိုက်ပျိုးထားသော ကောက်ပဲသီးနှံ များ ပျက်စီးကြရသည်။ ထိုအခါ ဒကာ/ဒကာမ တောင်သူလယ်သမားများက

ခရီးလှည့်လည်သွားလာကြသော ရဟန်းသံဃာတော်များကို ကဲ့ရဲ့ပြစ်တင်ကြသည်။ ``သာသနာပတိတ္ထိများသည်ပင် ဤကဲ့သို့မိုးတွင်းကာလ၌ ခရီးမသွားကြ၊ တိရစ္ဆာန်ငှက်များသည်ပင် ဤမိုးတွင်းကာလ၌ အရပ်တပါးသို့ မပျံသန်းကြဘဲ မိမိတို့အသိုက်အတွင်း၌ နေကြသည်။ ဤသာသနာတွင်း၌နေကြသော ငါတို့ကိုးကွယ်ရာ ရဟန်းတော်များသည် မိမိတို့နေရာ၌ အေးအေးဆေးဆေးမနေကြဘဲ မိုးတွင်းကြီး၌ ခရီးလှည့်လည် ကြသည်။ ထို့ကြောင့် ငါတို့စိုက်ပျိုးထားသော ကောက်ပဲသီးနှံများ ပျက်စီးကြရသည်´´ ဤကဲ့သို့ ပြည်သူ/ပြည်သား ဒကာ/ဒကာမ တို့က မိုးတွင်း၌ခရီးလှည့်လည်ကြသော ရဟန်းသံဃာတော်များကို ကဲ့ရဲ့ပြစ်တင်စကားဆိုကြသည်။ ထိုအကြောင်းကို ဘုရားရှင်ကြားသိ တော်မူသောအခါ ရဟန်းသံဃာတော်အားလုံး ၀ါတွင်း(မိုးတွင်း)ကာလ၌ ခရီးလှည့်လည်ခြင်းမပြုဘဲ ၀ါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းတိုက်အတွင်း၌ ၀ါဆိုဝါကပ်ခြင်းပြု၍ ရဟန်းတရားပွားများအားထုတ်ရန် ပညတ်တော်မူသည်။ ထို့ပြင် ၀ါကျိုး ၀ါပြတ် ၀ါမကပ် ကြသော ရဟန်းတော်များအား ဒုက္ကဋ်အာပတ်သင့်စေဟု သိက္ခာပုဒ်ပညတ်တော်မူခဲ့သည်။
ထိုကဲ့သို့ ၀ါဆိုဝါကပ်တော်မူကြသော ရဟန်း သံဃာတော်များမှာ ၀ါမကျွတ်ခင်ဝါတွင်း၌ အရေးအကြောင်းကိစ္စမရှိဘဲ အရပ်တပါးသို့ ညဥ့်အိပ်ညဥ့်နေ မသွားရပေ။ အကယ်၍ မဖြစ်မနေ သွားရမည့် အရေးကြီးကိစ္စပေါ်လာလျှင် ၀ါပန်ပြီး သွားခွင့်ရှိသည်။ သို့သော် (၇)ရက်ကျော်အောင်နေခွင့်မရှိပေ။ ၀ါပန်သည့်နေ့မှ (၇)ရက် မကျော်မီ မိမိမူလသီတင်းသုံး ၀ါဆိုသည့်ဌာနသို့ ပြန်လာကြရသည်။ ဤသည်တို့မှာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ခြင်းနှင့် ၀ါပန်ခြင်း အကြောင်းများဖြစ်သည်။
ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်များအတွက် ထူးမြတ်သောလ တလဖြစ်သည် ။

`သန္ဓေ, တောထွက်၊ ဓမ္မစက်၊ ဟောမြွက်လ၀ါဆို´´ဟူသည်နှင့်အညီ

ဂေါတမမြတ်စွာဘုရားသည်
၁ -မယ်တော်မာယာဒေ၀ီမိဖုရားဝမ်းတွင်ပဋိသန္ဓေယူသောနေ

၂-တရားကျင့်ရန်အတွက်တောထွက်တော်မူသောနေ့ 
၃-ဘုရားဖြစ်တော်မူပြီးနောက်ဓမ္မစကြ်ာတရားဦးဟောတော်မူသောနေ့

၎-ဓမ္မစကြ်ာတရားဟော်ပြီး နောက် ၅ ရက်မြောက်သောနေ့ တွင် အနတ္တလဏ္ခသုတ်ကိုဟော
တော်မူသောနေ (ရဟန္တာနေ့ )

၅-တာဝတိံသာနတ်ပြည်တွင်အဘိဓမ္မာတရားစတင်ဟောတော်မူသောနေ
များမှာဝါဆိုလတွင်ဖြစ်ပေါ်ခဲ့ပါသည် ၊
ဝါဆိုလတွင် ဘုရားရတနာ တရားရတနာ သံဃာရတနာ

ရတနာသုံးပါးစလုံးစတင်ပြည်စုံသောလဖြစ်သည်၊

ထို့ကြောင့် ၀ါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အတွက် အလွန်ထူးမြတ်သော ဓမ္မစကြာအခါတော် နေ့လည်းဖြစ်ပေသည်။ လွန်ခဲ့သော မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ၀ါဆိုလပြည့်နေ့အခါက ကျွန်ုပ်တို့ကိုးကွယ်ရာ ဂေါတမဘုရားရှင်သည် ``ဘိက္ခူနံ ပဉ္စ၀ဂ္ဂီနံ´´အစချီသော ဓမ္မစကြာတရားတော်မြတ်ကြီးကို အရှင်ကောဏ္ဍညအမှူးပြုသော ပဉ္စ၀ဂ္ဂီငါးဦး တို့အား အဦးဆုံး ဟောကြားတော်မူခဲ့သည်။ ထို့ကြောင့် ၀ါဆိုလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်များက ``ဓမ္မစကြာအခါတော်နေ့´´ဟု သတ်မှတ်ခဲ့ကြသည်။

မြတ်ဗုဒ္ဓ၏ပထမဦးဆူံးဟောကြားတော်မူခဲ့သောဓမ္မစကြ်ာတရားတော်ကိုကြည်ညိုသဒ္ဓါ

ပွါးများနိုင်ရန်စီစဉ်တင်ဆက်ပေးလိုက်ပါသည်

ဓမ္မစကြ်ာတရားတော် ( ယခင်မြန်မာ့အသံကထုတ်လွင့်ခဲ့တဲ့ အစီအစဉ်ဖြစ်ပါတယ် )
နာကြားတော်မူကြပါ

မောင်သုည

မှီုငြမ်းကိုးကားသောစာအုပ်များ

မောင်ထင်မြန်မာ၁၂လရာသီလများ

ဧရာဝတီစာကြည့်တိုက်

ဝါဆိုလအကြောင်းဆောင်းပါး