Saturday 18 February 2012

ဝေဖန် ပိုင်းခြား နိုင်စွမ်း ရှိတဲ့ ပညာရေး

ပညာရေး နဲ့ ပတ်သက်လို့ နောက်ဆက်တွဲတင်ပြလိုက်ပါတယ်

ယနေ့စာသင်ခန်းများမှာ ဘာဖြစ်လို့ စဉ်းစားဝေဖန်ပိုင်းခြားနည်းများကို သင်ကြားပေးဖို့ တွန်းအား ပေးနေကြပါသလဲ။ အဖြေကတော့ ရှင်းပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်၊ ထိုပြောင်းလဲမှုဖြစ်စဉ်များရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို မှန်မှန်ကန်ကန် စဉ်းစားဆုံးဖြတ်ပြီး ရင်ဆိုင်ဖြေရှင်းနိင်ရန် လိုအပ်ပါတယ်။ စဉ်းစားဝေဖန်ပိုင်းခြားခြင်းဟာ နယ်ပယ် မရွေး အသက်အရွယ်မရွေး လိုအပ်ပါတယ်၊
မိမိရဲ့အကျိုးစီးပွားမှ အများအကျိုးစီးပွားကိုလိုလားသူ ကျောင်းသားလူငယ်များကို အမှန်တကယ် မွေးထုတ်ပေးလိုလျှင် ၎င်းတို့ရဲ့စိတ်ပိုင်းဆိုင်ရာ တွေးခေါ်မှုများ အားကောင်းဖို့လိုအပ်ပါတယ်။

ကိုယ်ပတ်ဝန်းကျင်၊ ကိုယ်အဖွဲ့အစည်း၊ ကိုယ်နိုင်ငံရဲ့ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို လိုက်နာရန်လိုအပ်ချက်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကောင်းမွန်တိုးတက်ရန် အချက်များ ကို ဖော်ဆောင်ရာမှာ မှန်ကန်တဲ့ စဉ်းစားဆုံးဖြတ်မှုများ လိုအပ်ပါတယ်။

ဒီအတွက် ကလေးများကို ငယ်စဉ်ကတည်းက စာသင်ခန်းများတွင် လေ့ကျင့်ပေးခြင်းဖြင့် ၎င်းတို့ရဲ့ ဘဝတသက်တာတွင် ရင်ဆိုင်တွေ့ကြုံရမည့် ပြဿနာများ၊ ရွေးချယ်မှုများ၊ အခွင့်အလမ်းများ၊ ခြိမ်းခြောက်မှုများကို အစွဲအလန်း ကင်းရှင်းစွာဖြင့် စဉ်းစားဖြေရှင်း တတ်လာပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်သော စွမ်းရည်များ တိုးတက်လာပါတယ်။ လူမှုပြဿနာအပေါင်းကို ကျော်လွှားရာ မှာလည်း အထောက်အကူပြုပါတယ်။

ဒီစဉ်စားဝေဖန်ပိုင်းခြားခြင်းဟာ ယခုမှပေါ်ထွက်လာသော အယူအဆသစ် မဟုတ်ပါဘူး၊ မြတ်စွာ ဘုရားရှင် လက်ထက်ကတည်းက ရှိခဲ့ပြီးသားဆိုသော အထောက်အထားများကို ဘုရားဟော ကျမ်းဂန် များတွင် အထင်အရှား ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ခရစ်မပေါ်မီ ဘီစီ ၄၇၀-၃၉၉ က ထင်ရှားခဲ့တဲ့ ဂရိ တွေးခေါ်ပညာရှင် ဆိုကရေတီး လက်ထက်မှ ယနေ့ပညာရှင်များထိလည်း ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ ပညာရေးမျိုးကသာလျှင် ကောင်းမွန်တဲ့ နိုင်ငံသားများကို မွေးထုတ်ပေးနိုင် တယ်ဆိုတဲ့ အယူအဆကို လက်ခံကျင့်သုံးဆဲ ဖြစ်ပါတယ်။

အင်းဝခေတ် စာဆိုပညာရှင် ရှင်မဟာရဌသာရ ကလည်း သု၊စိ၊ပု၊ဘာ၊ဝိ၊လိ၊သိ၊ဒါ ကို သူ့ခေတ်အခါက သင်ယူမှုဖြစ်စဉ်(learning process) အဖြစ် လမ်းညွန်ခဲ့ကြောင်း ကို ပညာရေးသုတေသီ ဦးသန်းဦးက သူရဲ့ပညာရေးဆိုင်ရာအယူအဆစာအုပ်တွင်ကိုးကားဖော်ပြထားပါတယ်။ သု=နားထောင်ခြင်း(listening)

စိ= စဉ်းစားခြင်း(thinking)

ပု= မေးမြန်းခြင်း(ask question)

ဘာ= ဆွေးနွေးခြင်း(discussing)

ဝိ= စုံစမ်းစစ်ဆေးခြင်း(investigating)

လိ= မှတ်တမ်းယူခြင်း(take notes)

သိ= လေ့ကျင့်ခြင်း(practicing)

ဒါ= လေ့လာမှတ်သားခြင်း(learn by heart)

ဆိုသော ရှင်မဟာရဌသာရရဲ့ ထိုပညာရေးဆိုင်ရာ ယူဆချက်များကို ယနေ့မြန်မာ့သင်ယူမှုဆိုင်ရာ နယ်ပယ်တွင် မြန်မာ့ပညာရေး အယူအဆအဖြစ် စဉ်းစားသင့်ကြောင်းလဲ တင်ပြထားတာ တွေ့ရှိရ ပါတယ်။ အထက်ပါ ယူဆချက်များဟာ ဝေဖန်ပိုင်းခြားစဉ်းစားမှုကို အခြေခံတဲ့သင်ယူမှုဖြစ်တာကို တွေ့နိုင်ပါတယ်။

တချို့သော လူ့အဖွဲ့အစည်းများရဲ့ ပညာရေးဆိုင်ရာ အယူအဆများ၊ မူဝါဒဆိုင်ရာ လုပ်ထုံး လုပ်နည်းများဟာ ခေတ်တစ်ခေတ်၊ စနစ်တစ်ခုရဲ့ လွှမ်းမိုးရိုက်ခတ်မှု့များ၊ ဟန့်တားမှုများကြောင့် ထိရောက်မှု အားနည်းပြီး အရည်အသွေးကျဆင်းသော ရလဒ်များနဲ့ ရင်ဆိုင်နေကြရပြီး အင်းအားချိနဲ့သော လူအဖွဲ့ အစည်းများ ဖြစ်လာပါတယ်။

ပိုမိုကောင်းမွန်သော၊ ပွင်းလင်းလွတ်လပ်သော လူ့အဖွဲ့အစည်းကို ထူထောင်ရာတွင် ပညာရေး ပြုပြင်ပြောင်းလဲရေး၊ ဖွံဖြိုးတိုးတက်ရေးဟာ အလွန်အရေးကြီးပါတယ်။ ဒီနေရာမှာ ဖြစ်နိုင်ချေရှိတဲ့ ပြောင်းလဲမှုများ (positive change) ကို ပြုလုပ်ရမှာဖြစ်ပါတယ်။ မြန်မာ့စာသင်ခန်းများဟာ သမာရိုးကျနည်းလမ်းများမှ ခွဲထွက်ပြီး ယနေ့နိင်ငံတကာပညာရေး ပြုပြင်ပြောင်းလဲမှုများနည်းတူ ပြောင်းလဲရပါမယ်။ ဒါမှ ကလေးလူငယ်များဟာ လာမဲ့အနာဂတ်မှာ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုများကို လက်တွေ့ကျကျ ဖြေရှင်းဆုံးဖြတ်နိင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ကျောင်းသားဗဟိုပြုစနစ်နဲ့ စဉ်းစားဝေဖန်ပိုင်းခြား နည်းစနစ်များဟာ၂၁ရာစုရဲ့ပညာရေးစိန် ခေါ်မှုများအတွက် ပြောင်းလဲအစားထိုးရန် တိုက်တွန်းအားပေးလာကြပါတယ်။

ဆရာဗဟိုပြု(Teacher-Centered) စာသင်ခန်း များမှာ ဆရာဟာ အဓိကဦးစားပေး(primary source) ဖြစ်ပြီး ကျောင်းသားဗဟိုပြုစနစ်မှာတော့ ကျောင်းသားဟာ အဓိက primary source ဖြစ်ပါတယ်။

ကျောင်းသားများရဲ့ လေ့လာသင်ယူချင်စိတ်ကို နှိုးဆွပေးခြင်းဖြစ်ပြီး ဘာဖြစ်တာလဲ(what)၊ ဘာကြောင့်လဲ(why)၊ ဘယ်လိုလုပ်ရမယ်(how) ဆိုတဲ့ သင်ယူမှုဖြစ်စဉ်ထဲ ကိုယ်တိုင်ပါဝင်စဉ်းစား လာပါတယ်။ ကျောင်းသားများဟာ သင်ခန်းစာများကို ဘယ်လိုလေ့လာရမယ်ဆိုတဲ့ how to learn ကို သိရှိလာပြီး ကျောင်းသားများရဲ့ တက်ကြွစွာသင်ယူမှုကိုလည်း အားပေးရာရောက်ပါတယ်။

စဉ်းစားဝေဖန်ပိုင်းခြား နည်းစနစ်များကတော့ မိမိတို့ လက်ခံယုံကြည်ထားသော အယူအဆ၊ ဗဟုသုတ၊ အတွေ့အကြုံ များကို ထပ်မံရှာဖွေသိရှိရသော အချက်များနှင့် ပေါင်းစပ်ပြီး ရရှိလာသော ဗဟုသုတအသစ်၊ အတွေ့အကြုံသစ်များကို အသုံးချခြင်း(applying)၊ ခွဲခြမ်းစိတ်ဖြာခြင်း(analyzing)၊ စီစစ်ထုတ်ဖော်ခြင်း(synthesizing)၊ သုံးသပ်အကဲဖြတ်ခြင်း(evaluating)များဖြင့် ပိုမိုကောင်းမွန်သော ဖြေရှင်းနည်းများဆီ ချဉ်းကပ်နိုင်ပါတယ်။ စဉ်းစားဝေဖန်ပိုင်းခြားခြင်းဟာ သိရှိလိုခြင်း၊ သင်ယူလိုခြင်း၊ နားလည်လိုခြင်း ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်(cognitive process) ကို စုံစမ်းမေးမြန်းခြင်း၊ ဆုံးဖြတ်ချက်ချခြင်း ပြဿနာများကို ဖြေရှင်းခြင်းဆိုတဲ့နည်းလမ်း နဲ့ချဉ်းကပ်ခြင်း ဘဲ ဖြစ်ပါတယ်။

စဉ်းစားဝေဖန်ပိုင်းခြား နည်းစနစ်များဟာ ပညာရေးဆိုင်ရာ သုတေသနများကို အခြေခံပြီး ကနေ့ ပညာရေးပြောင်းလဲမှုများနှင့် အညီ ယနေ့စာသင်ခန်းများတွင် လက်တွေ့ အကောင်အထည်ဖော် အသုံးချနေကြပါတယ်။ ၎င်းနည်းစနစ်များဟာ မည်သည့်သင်ရိုး မည်သည့်အတန်း၊ မည်သည့် ဘာသာရပ်နှင့်မဆို ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

ဤနည်းစနစ်များကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ကျောင်းသား လူငယ်များဟာ လေးလေး နက်နက် တွေးတောသုံးသပ် လာနိုင်ခြင်း၊ တာဝန်ယူတတ်လာခြင်း၊ ယုတ္တိရှိရှိ ငြင်းခုန်ခြင်းများကို နားလည်သဘောပေါက်လာခြင်း ၊အာရုံထား နားထောင်တတ်လာခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိရှိပါဝင် ဆွေးနွေးလာခြင်းနဲ့ ၎င်းတို့ဘဝတသက်တာတွင် အမှီအခိုကင်းစွာ လေ့လာနိုင်သူများ ဖြစ်လာပါတယ်။

နိုင်ငံတကာပညာရေး ပြုပြင်ပြောင်းလဲမှုများနှင့် ဟန်ချက်ညီညီ လိုက်ပါနိုင်ရေးအတွက် ယနေ့ မြန်မာ့ ပညာရေးလုပ်သားများမှာ တာဝန်ရှိသလို နည်းစနစ်သစ်၊ အယူအဆသစ်များ ချိတ်ဆက် အသုံးချရန် မှာ စိန်ခေါ်မှုတရပ် ဖြစ်လာပါပြီ။

မောင်သုည

ပညာရေးသုတေသီ ဦးသန်းဦးက သူရဲ့ပညာရေးဆိုင်ရာအယူအဆစာအုပ်တွင်ကိုးကားဖော်ပြထားပါတယ်။

No comments:

Post a Comment