Wednesday 12 March 2014
အဘိုးပြောတဲ့ ရာဇ၀င်ပုံပြင် ( ၅ )
အဘိုးပြောတဲ့ ရာဇ၀င်ပုံပြင် ( ၅ )
စေတီအစ ရွှေတိဂုံက   သာသနာအစ မြန်မာက
ငါ့သမီးမှန်တယ်ဆိုရင်-- လက်တိုဂျင် ဂလက်ဆို ထွက်လိုက်တော့ ငါလက်ကချို ချို --
ခလေးကပါးစပ်ဖြဲငို - သေးကထပ်တလဲစို ----- ”
” အဘိုး  အဘိုး  သမီးတို့ ရောက်နေပြီ  - ပုံနားထောင်ဘို့ရောက်နေပြီလေ -  အဘိုး ဘာသီချင်းတွေဆိုနေတာ လဲ --- ”
” အော် အော်  သမီးတို့ သားတို့တောင်ရောက်နေကြပြီကိုး လာ ထိုင်ကြ ထိုင်ကြ ”
အဘိုး သမီးတို့ကို ဒီတပတ်ဘာပုံပြောမှာလဲ ဟိုတပတ်က ရှင်မွေးလွန်း မင်းနန္ဒာ ပုံပြောမယ်
ဆို ပြီး အဘိုးဘယ်ပျောက်သွားတာလဲ - 
အခု ဘာသီချင်းဆိုနေတာ လဲ  ဘာလဲ အဘိုးက ဘေဒါရီပုံပြန်ပြောမလို့လား အဲဒါသမီး
တို့နားထောင်ပြိးပြိလေ --
          ” အဘိုး မြို့ ခဏတက်သွားလို့ပါကွယ့်-အဘိုးသိပါတယ်-ငါ့မြေးတွေကိုပုံပြောမလို့-ဒီမှာလဲ
လက်ညှိးကနို့ထွက်အောင်ဆုတောင်းနေတဲ့ ရသေ့တပါးထပ်တွေ့ နေလို့ပါ ကွဲ့  ”
          ” ဟင်လာပြန်ပြီလား အဘိုး ”
          ” အေးအေး  ဟုတ် တယ် ဒီလိုကွဲ့ ”
လောက်ကပေါ့ကွယ်
          ပထမ ဦးဆုံးအဘိုးပြောခဲ့တဲ့ ဘေဒါရီပုံပြင်မှာ ပထမတကောင်းမင်းဆက်ပျက်သွားတော့
         သာကီဝင်မင်းဆက်တွေဟာ အုပ်စု ၃ စုကွဲသွားကြတယ်လို့ပြောတာမှတ်မိကြလား
      ” အင်း မှတ်မိပါတယ် အဘိုး ”
အေး ပထမ အုပ်စုကတော့ မြန်မာနိုင်ငံအရှေ့ဘက်ကိုထွက်သွားကြပြီး ရှမ်း( ၁၁ ) ခရိုင်ကို
တည် ထောင်ပြိးနေကြတယ်
ဒုတိယအုပ်စုကတော့ ကံရာဇာကြီး သွားရာဒေသဖြစ်တဲ့ ပျု ကမ်းယံ  သက် တို့အရပ်မှာသွား ပေါင်းပြီးနေထိုင်ကြတယ်။
တတိယအုပ်စုကတော့ဘိန္နကရာဇာ မိဘုရားကြီးနဲ့ အတူ ပျက်သွားတဲ့တကောင်းမှာဘဲဆက် ပြီနေထိုင်ကြပြီးသရေခေတ္တရာမြို့ 
တည်ခဲ့တယ် လို့ပြောခဲ့တယ် မဟုတ်လား
အေး ဒုတိယ အုပ်စုဖြစ်တဲ့ ကံရာဇာကြီး သွားရာဖြစ်တဲ့ ပျူ ကမ်းယံ သက်တို့အရပ်မှာ သွား
ပေါင်းပြိး တိုင်းပြည်ထူထောင်နေကြတယ် ဆိုတာ လေ အဲဒါ မြန်မာနိုင်ငံတောင်ပိုင်း မြစ်ဝကျွန်းပေါ်
ဒေသတွေဖြစ်တဲ့ ဒဂုံလို့ခေါ်တဲံ့ဥက္ကလာပတိုင်း  သီဟဒီပကျွန်းလို့ခေါ်တဲ့ သံလျင်(ကျောက်တန်းမြို့ )
ရခိုင်ဓည၀တီ ဝေသာလီဆိုတဲ့
တိုင်းပြည်တွေ - သုဝဏ္ဏဘုံမိလို့ခေါ်တဲ့ ( သထုံ ) မုတ္တမ ဆိုတဲ့နေရာ
တွေမှာ ရခိုင်လူမျိုး မွန်လူမျိုး ကရင်လူမျိုးအဖြစ်နဲ့ ထီးတွေနန်းတွေ ကြငန်းတွေနေတဲ့တိုင်းပြည်ထူ
ထောင်ပြီထီးနန်းစိုက်နေကြတယ်ကွဲ့ 
          ” အော် ဟုတ်လား အဘိုး  ဒါဆို သရေခေတ္တာ တို့  ပိဿနိုးတို့နဲ့ တချိန်ထဲ တခောတ်ထဲပေါ့
             နော် အဘိုး  ”
           ” အေး ဟုတ်တယ် ”
          ” အဲ ဒါနဲ့ ခုန အဘိုးပြောတဲ့ လက်ညိုးက နို့ထွက်အောင်ဆုတောင်းနေတဲ့ ရသေ့ဆိုတာက
           ဘယ်မှာလဲ အဘိုး ”
          ” အေး အဲဒါ  နောင်အခါမှာ ဒဂုံလို့ခေါ်တဲ့ဥက္ကလာပမြို့ဖြစ်လာမဲ့လမုပင်တွေပေါတဲ့ ကမ်းခြေ
တနေရာမှာပေါ့ ကွဲ့ အဲဒီလမုတောထဲမှာရသေ့တပါးတောရပ်ခိုပြိးတရားအားထုတ်နေတယ်၊
တနေ့တော့ ရသေ့ဟာ ကျောင်းသင်ခန်းကိုတံပျက်လှည်းသန့်ရှင်းနေတုန်းလမုပင်တွေကြား
နေလို့ ဘာများဖြစ်မလဲဆိုပြီး သွားကောက်လိုက်တော့ လမုသီးကြီးကကွဲပြီးအထဲကနေ ခလေးတစ်
ယောက်ထွက်လာတယ်
            ” ဟယ် -   မိန်းခလေးပါလား ”
           ” အင်း -  ဒုက္ခဘဲ လူမှုဒုက္ခတွေကို ကြောက်လွန်းလို့ တောထဲလာပြိးတကိုယ်ထဲတရားအား
           ထုတ်နေပါတယ် - လူမှုဒုက္ခတွေနဲ့ လာတွေ့နေပါကောလား ”
          ခလေးက လဲ ငိုလိုက်တာ ရသေ့ကြီး လဲသူနေတဲ့ကျောင်းသင်ခန်းကိုယူသွားပြီးရှိတဲ့သင်္ဃန်း
          စလေးတွေကိုယူပြီးအနှီးလုပ်ပြိးထုပ်ထားလိုက်တယ်-
          ” အင်း မတက်နိုင်ဘူး မွေူးရမှာဘဲသမီးလေးကံ နဲ့ ငါ့ကံအမှန်နီးစပ်ရင် ငါ့လက်ညှိုးကနို့ထွက်
ပါစေသား ” လို့ အဓိဋ္ဌာန်ပြုလိုက်တဲ့အခါမှာ လက်ညှိုးကို နို့ထွက်လာတယ် ၊
ဒါနဲ့ ဘဲ အရွယ်ရောက်လာတဲ့အထိမွေးထားလိုက်တယ်၊
သူ့ကို လမုသီးက မွေးလာလို့ ” မယ်လမု ”  လို့ ဘဲခေါ်တယ်။
          ” “ဟယ် ဒါဆို ရသေ့ လက်ညှိုးက နို့တိုက်ပြိး မွေးရတာ ဘေဒါရီ ရယ် ပန်ထွာမင်းသမီးရယ်
အခု ” မယ်လမု ”  ရယ်  ဆိုရင် သုံး ယောက် တောင်ပေါ့နော် ”
          ” အေး  အေး ဟုတ်တယ် ကွဲ့  ”
          ” အင်း အဲဒီ မယ်လမု ကလေးကကောချောသလားဟင် အဘိုး ”
          ” အေး ဘယ်လောက်လှသလဲ ဘယ်လောက်လောက်ချောသလဲဆိုတာတော့
           ဒီသီချင်းကလေးကိုဘဲနားထောင်ကြည့်ပေတော့
” ကိုယ်နေဟန်ယဉ်စစ - ခင်နှမရူပါ --အသွင်လှမူယာငယ်--သူဇာနွယ်တနှုံး - ကိုယ်အသွေး
ဆင်းသိင်္ဂီလို--၀င်းထိန်ကြည့်သင်းပျံ့ ဂမုန်း -- ဖြူအသားနုထွားစိုတယ်- စုဘုရားလိုကိုယ်လုံး-
ညှုထားပျိုနဂိုရ်ပြုံးပုံက -- အိုမဆုံးမက်စရာ- ရင်ချီချီဆန်းအကွန့်-ပန်းနှစ်ညွှန့်ပွင့်လို့ငုံအား-ထွားစို့စို့
ကားမို့ကာငယ်- ထားပျိုကညာတင်ဆုံလှသမို့ - မြင်ရုံမျှမက်မောစရာပေ- ရတက်ဇောဖြာဝေ-
ချောယဉ်အစုငယ်နုမှာလေ- မယ်လမုညှာဆွေ - လှမိုးဆွေမို့ လေး  -- ”
ကဲ ဘယ်လောက်ချောမလဲဆိုတာ တွေးကြည့်ပေတာ့
”အဲဒီမယ်လမု ကလေးကိုကော ရသေ့ကြိးက ကျောင်းမှာ မိန်းခလေး နဲ့ မသင့်တော်ဘူးဆိုပြီး
ဘေဒါရီလိုဘဲရေခပ်ခိုင်း ထားသလားအဘိုး ”
” ဟယ် မသူဇာ နင်က တယ် အမေးအမြန်းသိပ်ထူတာဘဲ အဘိုးပြောတာ နာထောင်းပါဟဲ့ ”
” ငါက သိချင်လို့ပေါ့ဟဲ့ ”
” သူ့ ကိုတော့ ရသေ့ကြီး က ကျောင်းမှာစာသင်ပေးတယ်နောက်ပြီးရသေ့ကြီးအတွက်တနေ
ကုန်သစ်သီးတွေရှာခိုင်းတယ် မယ်လမုကလေးလဲရသေ့ကြီးအတွက်တောထဲမှာတနေကုန်သစ်သီး
ရှာထွက်ရင်း သူကိုယ်တိုင်လုပ်ထားတဲ့နွယ်ကြိုးဒန်းကလေးကိုစီးပြီးချစ်သူကိုမျှော်တဲ့မျှော်တော်ရောင်
သီချင်းကလေးတအေးအေးဆိုရင်းအချိန်ကုန်နေတယ်
မြိုင်တော ဟေမာ-ဟေမာ --ထွေထွေရာဆန်းပါတဲ့--ငွေငွေလွှာပန်းမှာဖြင့်-လန်းတင့်လို့ဝေ
လှမ်းလင့်လို့ကြိုနေ--ကြိုနေ-အို--လေပြေဆော်သွေးရင်လေ-မွေးပျံ့ လို့နေ--
ပျားပိတုန်းတွေသုံးပါလို့-ချုံးကာလေ နုံးကာကြေ-မပေါ့ပွင့်လွှာလေး- ရင့်ကာပြေးပါလိမ့်-
နှေးမကြာဆွပ်လှဲ့ ပါမောင်ရာ-မောင်ရာ - နောင်အခါလွမ်းကာလေး-ကြွမ်းကြွေလိမ့်မှာ --
အဲဒီလို ဒန်း စီးပြီး သီချင်းဆိုနေတုန်း
          တနေ့တော့ မယ်လမုလေးသီချင်းဆိုနေတဲ့နေရာကိုလုလင်ပျိုတယောက်ရောက်လာတယ်
          ” နှမ ငယ် အသံကလေးကကောင်းလိုက်တာ ”
          ” အမလေး ဗုဒ္ဓေါ  လန့် လိုက်တာ ဘယ်သူလဲ ”
          ” အလိုတော် - ကျုပ် ဒီတောထဲမှာ နေ့တိုင်း သစ်သီးရှာထွက်နေတာ မောင်ကြီးကိုတခါမှ
မတွေ့  ပါလား  မောင်ကြီးက ဘယ်သူလဲ  ဘယ်က လဲ ”
” မောင်ကြီးက ခြောက်ထပ်ရွာကပါ တောထဲမှာ သစ်သီးလိုက်ရှာရင်းဒီကိုရောက်လာတာဘဲ မောင်ကြီးနံမယ်က
ကိုမာဃ လို့ခေါ်ပါတယ် ”
          ” အော် ကိုမာဃ တဲ့လား မောင်ကြီးက ခန့်ချောကြီးနော် ” မောင်ကြီး တောင်းထဲက ဘာ
တွေလဲ များလှချည့်လား ”
          ” အော် နှမလေးလိုဘဲ မောင်ကြီ သစ်သီးတွေခူးလာတာလေ ”   
” ဟောဒီမှာ နှမလေး လိုချင်ရင် ယူလို့ရပါတယ်
” စားချင်ရင်လဲစားလို့ရတယ်လေ ”
          ”မောင်ကြီးက သိပ်သဘောကောင်းတာဘဲနော် ”
          ” ဟယ် အသီးတွေကလှလိုက်တာ မှဲ့ ဝင်းနေတာဘဲ ”
          ” နှမလေး  စားမလား ” 
” အင်းစားမယ် မောင်ကြီးအခွံနွှာပေးလေ ”
မယ်လမု ကလေးကကိုမာဃကို မဆွတ်ခင်က ညွှတ်ချင်တယ်ဆိုသလိုကနွဲ့ ကရ နဲ့ချွဲပြနေတယ်        
” အော်--မေ့နေလို့ ဟင့် အင်းမစားသေးဘူး အဖရသေ့ကို အရင် ကပ်ပြိးမှ စားရမယ် ”
” အော် နှမငယ် ဖခင်က ရသေ့ဝတ်နေလား  - ရတယ်လေ ဒီမှာအများကြီးပါတယ် အတူတူ
  သွားကပ်ကြတာပေါ့ မောင်ကြီးလဲလိုက်မယ်လေအခုမောင်ကြီးနွှာပေးမယ် အရင်စားလေ
          ” အင်း အင်း မောင်ကြီး နွှာပေး စားမယ်
ကိုမာဃ က သရက်သီး တလုံးကို နွှာပြီး မယ်လမု ကိုခွံ့ ကြွေးလိုက်တယ်
          ” ဟယ် ဒီသရက်သီး က သိပ်ရသာထူးတာဘဲနော် ကြက်သီးမွေးခြင်းကိုထသွားတာဘဲ ”
          ” အဲ ဒါ ဗန္ဓရသရက်သီးလေ ”
” ဒါနဲ့ နေပါအုံး မောင်ကြီးက အဖရသေ့ကိုတွေရင် ဘာပြောမလို့ လဲ ”
” ဟော ဒီက မယ်လမုကလေးကို ချစ်ခင်စုံမက်နေပါတယ်  ထိမ်းမြားလက်ထပ်ပေးပါလို့
ပြောမလို့ ”
” အလိုတော် ဈေးတေင် မပြောရသေးဘူး ချိန်လိုက်ပါ ချိန်လိုက်ပါ နဲ့ ဘယ်လိုလူကြီးလဲ
  နှမလေးတော့ တရွာသားကိုရည်းစားထားလို့မလွမ်းချင်ဘူးနော်- မောင်ကြီး ”
မယ်လမုလေးက ငြင်းသလား မငြင်းလားတော့ မသိဘူး ကိုမာဃရင်ခွင်ထဲရောက်နေပြီ
”အဘိုး-အဘိုး-သမီးကိုမာဃဆိုတဲ့နံမယ်ကိုကြားဘူးနေသလိုဘဲကိုမာဃဆိုတာဘယ်သူလဲ”
          ” အေး အဲဒါပြောမလို့ -ကိုမာဃဆို တာ သိကြားမင်းကြီး လေ ”
          ” ဟယ် - ဟောတော့ ”
” ဟင်းသိကြားမင်းကြီးကလဲ သူ့မှာ သုဇိတာ သုမာလာ သုနန္ဒာ သုမိတ္တာ မိဖုရား ၄ ပါး ရှိ
            သားနဲ့ မဟုတ်လား အဘိုးရဲ့   ”
” အေး အဲဒါ ပြဿနာပေါ့
”သိကြားမင်းကြီးမှာက သမိုင်းပေးတာဝန်တခုရှိနေတယ်”
” ဘယ်လို သမိုင်းပေးတာဝန်လဲ အဘိုး ”
” အေး သိကြားမင်းကြီး က အရင်ပွင့်တော်မူပြိးတဲ့ ဘုရား သုံးဆူရဲ့ ဓါတ်တွောကို စုစည်းပြီး
စေတီတစ်ဆူတည်ပေးဘို့တာဝန်ရှိနေတယ်-အဲဒီစေတီတည်ဘို့အတွက်ဘုရားတကာလိုက်
ရှာနေတာ၊ဘုရားရှင်တွေရဲ့ ဓ်ါတ်တော်ကိုဋ္ဌာပနာပြီးစေတီတည်နိုင်တဲ့အရည်အချင်းရှိသူဆိုလို့
တယောက်မှရှာလို့မတွေ့ခဲ့ဘူး ”
အဲဒါ နဲ့ နောက်ဆုံးတော့ ဥစ္စာရင်လို ဥစ္စရင်ခဲ ဆိုသလို
သူကိုယ်တိုင် မယ်လမုနဲ့ပေါင်းလို့ရတဲ့ သားယောက်ျားလေးကိုဘုရားဒါယကလုပ်ခိုင်းရမှာဘဲ
ဆိုပြီး- လူ့ပြည့်ကို ကိုမာဃအနေနဲ့ ဆင်းလာပြီး မယ်လမုကို ရသေ့ကြီးဆီမှာ လာတောင်းတယ်
မယ်လမုကလေးကလဲကိုမာဃကိုမြင်မြင်ချင်းချစ်ခင်-ရသေ့ကြီးကလဲသဘောတူတာနဲ့ပေးစား
လိုက်တယ်ဆိုပါတော့၊
သိကြားမင်းကြီးက ကိုမာဃလို့ ဆိုပြိးလူယောင်ဖန်ဆင်းပြိးမယ်လမုနဲ့အိမ်ထောင်ပြုနေပေမဲ့
လူပြည်မှာကြာကြာနေလို့မရဘူး-နတ်ပြည်ကိုမကြာမကြာပြန်တက်သွားရတယ် ၊
မယ်လမုကလေး ကတော့ ကိုမာဃပျောက်သွားတဲ့အခါမှာလွမ်းပြိးကျန်ရစ်နေတာပေါ့
အဲဒီတော့ သိကြားမင်းကြီးက မယ်လမုလေးအလွမ်းပြေအောင်ဆိုပြိး-နတ်ရေစင်တွေကို
ကျည်ထောက်ထဲထဲ့ပြီးနတ်သားလေးမာတလိ ကိုကျေးငှက်ကလေးအယောင်ဆောင်ပြီးစေလွှတ်
လိုက်တယ်-အဲဒါကိုသိကြားမင်းကြီးရဲ့ မိဖုရားတွေကသိသွားတော့သိမ်းငှက်ယောက်ဆောင်ပြီးလိုက်
ထိုးတယ်-ကျေးငှက်ကလေးလဲရှောင်ရင်းတိမ်းရင်ပျံရတာဆိုတော့နတ်ရေစင်တချို့ ဖိတ်ကျတယ်-
ဟိမ၀န္တာတောထဲကိုတစ်စက်ကျတော့ကျားမကြီးသောက်မိပြီး-ကျားကြီးငစဉ်းလဲကိုမွေးတယ်။
သရေခေတ္တရာတောထဲတစ်စက်ကျတယ်-သမင်မကလေးသောက်မိတော့ဘေဒါရီကလေး
မွေးတယ်-နောက်တစ်စက်ကတော့ငမိုးရိပ်ချောင်းထဲကျလို့မိချောင်းမကြီးကသောက်မိလိှု့ ငမိုးရိပ်
ငမိုးရိပ်မိချောင်းကလေးမွေးတယ်( ငမိုးရိပ်ချောင်းဆိုတာ) အဲဒီ မိချောင်းကလေးမွေးပြီးမှ သူနံမယ်
သကိုအစြွဲ့ပုပြီးတော့မှာငမိုးရိပ်ချောင်းလို့ခေါ်တာနော်) အရင်တုန်းကဘာချောင်းလဲမသိဘူး
နောက်ဆုံးနတ်ရေစင်ကိုတော့မယ်လမုလေးကသောက်မိတော့မှာ ဥက္ကလာပမင်းသာလေး
မွေးလာတာ ဘဲ ”
          ” အင်း သိကြားမင်းကြီးကတော့ လုပ်ချလိုက်ပြီနော် - လက်စသတ်တော့-ဘေဒါရီကသူ့
သမီး- မယ်လမုကလဲ သူမိဖုရား- ဥက္ကလာပမင်းသားက သူ့သား အင်း-အင်း - နောက်ကော အဘိုး ”
          ” ဟဲ့ သူဇာ ကျားကြီးငစဉ်းလဲလေ ”
          ” အဘိုး နောက် တော့ သမီးတို့ကို အဲဒီအကြောင်းအားလုံးပြောပြရမယ်နော် ”
” အမလေး ငါမြေးတို့ရယ် ဒီက မယ်လမုအကြောင်းဘဲ ကုန်အောင်နားထောင်ပါအုံး ”
ကဲ ဥက္ကလာပမင်းသားလေးမွေးလာတော့ဘာဖြစ်လဲအဘိုး
” အေး အေး အဲဒီခလေးက မွေးလာကထဲက သူ့မှာတစ်ကိုယ်လုံးကုဌဋ္ဌနူနာတွေ  ပါလာသတဲ့။
          ” အင်း အဲဒါ အဖေကြောင့်ဖြစ်မယ် ”
          ” ဟဲ့  ဟဲ့ သွားမပြောနဲ့ ငရဲကြီးလိမ့်မယ် ”
” ဟဲ့- ငါ က အမှန်ပြေတာ  နော် အဘိုး  ”
အေး ပါကွယ် ဘာဘဲဖြစ်ဖြစ် အဲဒီလို ခလေးမှာ အနာတွေပါလာတော့ရသေ့ကြိးကလဲ
တက်နိုင်သလောက်ကုပေးပါတယ်-ဒါပေမဲ့မပျောက်ဘူး-ဒီတော့ရသေ့ကြိးက
မင်းကလေးဟာဖြင့် သိကြားမင်းဆင်းကှုမှပျောက်မှာထင်ပါရဲ့ ´ ဆိုပြီး  ငြီး လိုက်တယ်
ရသေ့ကြီး ငြီးနေတဲ့အသံကို သိကြားမင်းကြိးကြားသွားတော့ မနေနိုင်တော့ဘဲ -
ဆေးဆရာအသွင်ဖန်ဆင်းပြိးဆင်းလာရတော့တာပေါ့
” အင်း သိကြားမင်းကြီးကတော့လုပ်လိုက်ပြန်ပြီဟေ့ ဗိန္ဓောဆရာ တဲ့ ”
သိကြားမင်းကြီးကဘယ်လိုကုသလဲဆိုတော့ခလေးမှာရှိတဲ့အနာတွေပေါ်ကိုခြေထောက်နဲ့တက်
နင်းလိုက်တာနဲ့ အနာတွေက အလွှားလိုက်ကွာကျကုန်တယ်-ငယ်ထိပ်ကလေးနားရောက်တော့
မယ်လမုကငယ်ထိပ်ကလေးတော့နင်းလိုက်ရင်ပြားသွားပါမယ်ချန်ထားပါလို့ပြေတော့-ငယ်ထိပ်
ကလေးတော့ မနင်းပဲ ချန်ထားလိုက်တယ် ဒါကြောင့် ငယ်ထိပ်မှာ အနာမပျာက်ဘူး-သူ့ကို ဦးခွံလှပ်ပထားလို့
ဦးခွံလှပ်ပမင်းသားလို့ ခေါ်ရင်း ကာလရွှေ့လျောလာတော့ဥက္ကလာပလို့ခေါ်တာ
          နောက်တော့ရသေ့ကြီးက ဒီကလေးဟာဘုန်းကံကြီးတဲ့ခလေးဖြစ်တယ်ဆိုပြီး၊
အရွယ်ရောက်လာတော့မြိုတည်ပြိးထီးနန်ုးအုပ်ချုပ်မင်းလုပ်စေတယ်၊ဘုရင်ဖြစ်လာတော့
ဥက္ကလာပမင်းကြီးလို့ခေါ်တယ် သူအုပ်ချုပ်တဲ့တိုင်းပြည်ကို ဥက္ကလာပတိုင်းပြည်လို့ခေါ်တာပေါ့
အဲဒါအခု မင်းတို့သိတဲ့ ( ဒဂုံ - ရန်ကုန် ဆိုတာ အရင်တုန်းက ဥက္ကလာတိုင်းပြည်ပေါ့ကွဲ့ )
ဥက္ကလာပမြို့ တည်ပြိးလို့ထီးနန်းအုပ်ချပ်မင်းလုပ်နေတဲ့အချိန်ဟာမဟာသက္ကရဇ် ၁၀၃ ခု
နှစ် မဇ္ဓျိမတိုင်းမှာဘုရားပွင့်နေပြီ
အဲဒီတုန်းက ဥက္ကလာပမင်းကြီးရဲ့  နိုင်ငံတော်အတွင်း ပါဝင်တဲ့  အသိဉ္စနမြို့မှာ သုဝဏ္ဏလို့ ခေါ်တဲ့ မွန်သူဌေးကြီးတစ်ဦးရှိတယ်
အဲဒီသူဌေးကြီးမှာ တပုဿနှင့် ဘလ္လိက ဆိုတဲ့သာှးနှစ်ယောက်  ရှိတယ်၊ တနေ့ကျတော့  ညီနောင်တို့ဟာ ကုန်တွေကို
သင်္ဘောနဲ့ တင်ဆောင်ပြီး မဇ္ဈိမဒေသကို
ကုန်ရောင်းသွားကြတယ် ။မဇ္ဈိမဒေသဆိုတာ တို့မြတ်စွာဘုရားပွင့်တော်မူတဲ့အရပ်ပေါ့ကွဲ့ 
မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်တဲ့အခါ သင်္ဘောကို ပေါ်မှာပါလာတဲ့ ကုန်တွေကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ပြီး နေရာအနှံ့ ကုန်တွေကိုလှည့်လည်ရောင်းချကြတယ်
တဖုဿ ဘလ်္လိက မွန်ကုန်သည်ညီနောင်အဖွဲ့ဟာဗောဓိပင်အနီးကို ရောက်လာကြတယ်
          တနေ့တော့ တောထဲမှာ ခေတ္တနားနေတုန်း ရှေးဘ၀က ဆွေမျိုးတော်စပ်ခဲ့ဘူးတဲ့ရုက္ခစိုးနတ်
ကြီးက-ကိုယ်ထင်ပြပြိး- အမောင်တို့ရောက်ရှိနေတဲ့ မဇ္ဈိမဒေသမှာသုံးလောကထွဋ်ထားရှင်တော် မြတ်ဘုရားပွင့်တော်မူပြီး
လင်းလွန်းပင်ခြေရင်းမှာသီတင်းသုံးစံတော်မူနေတယ်
အမောင်တို့သွားရောက်
ပူဇော်လော့ကြလို့တိုက်တွန်းလမ်းညွှန်လိုက်တယ် ၊
ကုန်သည် ညီနောင်တို့လဲ ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရှိရာကိုသွားပြီးမြတ်စွာ ဘုရားရှင်ကို သူတို့မှာပါတဲ့
မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှဲ့  လှူဒါန်းပူဇော်ကြတယ်။
ကုန်သည်ညီနောင်တို့ဟာ မြတ်စွာဘုရားရှင်ကို မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှဲ့  ပူဇော်သက်္ကာကပြု လှူဒါန်းပူဇော်ပြီးတဲ့အခါမှာ
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏံ ဂစ္ဆာမိ ဆိုတဲ့ “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကြတယ် အဲဒီတုန်း က
“ဘုရားရတနာ၊ တရားရတနာ” ဆိုတဲ့ “ရတနာနှစ်ပါး”သာပေါ်ထွန်းပြီး
သံဃာရတနာမ ပေါ်ပေါက်ခဲ့သေးတဲ့အတွက် ညီနောင် နှစ်ပါးဟာ ရတနာနှစ်ပါးအားသာဆည်းကပ် ပူဇော်ခဲ့ကြရတာကွဲ့ ဗုဒ္ဓ၀င်သမိုင်းကိုပြန်ကြည့်လျှင်ဂေါတမဘုရားရှင်လက်ထက်မှာ
တဖုဿနှဲ့ ဘလ်္လိကကုန်သည်ညီနောင်တို့ဟာအထူးခြားဆုံးဘုရားရှင်ကိုပထမဆုံးဆွမ်းကပ်ရ သူနှဲ့  ပထမဆုံး
သရဏဂုံ တည်သူတွေဖြစ်တယ်ကွဲ့ ၊
တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ဟာဘုရားရှင်ကို ဆွမ်းကပ်လှူပူဇော်ပြီးတော့ “အရှင်ဘုရား၊
တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား
ပေးသနားတော် မူပါဘုရား” လို့လျှောက်ထား လိုက်တော့ “ကောင်းပြီးချစ်သားတို့လို့ ” မိန့်တော်မူပြီး 
ဦးခေါင်းတော်ကိုသပ်ပြီးပါလာတဲ့ ဆံတော်မြတ် (၈)ဆူကို ကုန်သည်ညီနောင်တို့ ကို ပေးသနားတော်မူလိုက်တယ်
တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ ဟာ ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူကို
သင်္ဘောနှင့်ပင့်ဆောင်ပြီး  ဥက္ကလာပတိုင်းပြည် သို့ ပြန်လာခဲ့ကြတယ် -
တဖုဿနှင့် ဘလ်္လိကကုန်သည်ညီနောင်တို့ပင့်ဆောင်လာတဲ့မြတ်စွာဘုရားရဲ့ဆံတော်ရှစ်ဆူ
ကမ်းကနေဆီးကြိုလက်ခံယူတယ်၊
အဲဒီဆိပ်ကမ်းနေရာမှာ ဘုရားရဲ့ ဆံတော်ခေတ္တသီတင်းသုံးဆံတော်မူတဲ့အတွက်ဆံတော်နှစ်
နှစ်ဆူကိုဋ္ဌာပနာပြီးစေတီတဆူတည်ခဲ့တယ်၊ဗိုလ်ခြေတစ်ထောင်နဲ့ ဆံတော်ကိုဆည်းကြိုပြီး
စေတီတည်ဆောက်တော့လဲဗိုလ်ခြေတစ်ထောင်နဲ့တည်တဲ့အတွက်ဗိုလ်တစ်ထောင်စေတီလို့မည်တွင်
လာခဲ့တယ်
ဒီနေရာမှာ မင်းတို့ကို ကြော်ငြာလေးတစ်ခုထားခဲ့မယ် ပုံပြင်အကြွေးလေးပေါ့ကွယ် )
”ဘာလဲအဘိုး”
” ဗိုလ်တစ်ထောင်စေတီနဲ့ ပတ်သက်ပြီးပြောစရာတွေအများကြီးရှိတယ်
အဲဒီအကြောင်းဆက်ပြောနေရင်အဘိုးပြောနေတဲ့ရာဇ၀င်ပုံပြင်ကဆုံးမှာမဟုတ်လို့
ခဏချန်ခဲ့မယ်-
အမြည်းကလေးပြောရရင်တော့-မဟာသက္ကရဇ် ၁၀၃ ခု နှစ်က တည်ခဲ့တဲ့ ဗိုလ်တစ်ထောင်စေတီဟာ
ဒုတိယကမ္ဘစစ်အတွင်း ၁၉၄၃ ခု နှစ်မှာ စစ်ဘေးဒါဏ်ကြောင့်လုံးဝနီးနိးပျက်စီးသွားခဲ့တယ်၊
အဲဒီပျက်ဆီးသွားခဲ့တဲ့စေတီကိုပါရမီရှင်မြစိမ်းရောင်မင်းသမီးကလေးကပြန်လည်ပြုပြင်ခဲ့တယ်-သူကိုယ်တိုင်ထူးထူးဆန်းဆန်းရရှိခဲ့တဲ့ဗုဒ္ဓရုပ်ပွါးတော်ဆူကိုလဲအခုပြန်လည်ပြုပြင်ပြီးစီးသွားတဲ့ဗိုလ်တစ်ထောင်စေတီမှာ
အများပြည်သူဖူးမျှော်ရအောင်လှူဒါန်းထားခဲ့တယ်
-မြစိမ်းရောင်ဝတ်စုံဝတ်ထားတဲ့သူ့ရဲ့ပုံတူရုပ်တု တစ်ခုကိုလဲတွေ့နိုင်တယ်-
မြစိမ်းရောင်မင်းသမီးကလေးကိုလာရောက်တွေ့ဆုံနှုတ်ဆက်သူတွေကစိတ်နဲ့ ကိုသိချင်တာကိုမေးလို့
ပြောလို့ရတယ် လို့ဆိုတယ်၊
တယောက်စကား တယောက်ဆိုသလို အခုမြစိမ်းရောင်မင်းသမီေးလကိုလာရောက်တွေ့ဆုံနှုတ်ဆက်
စကားပြောဆို နေတဲ့သူတွေတော်တော်များတယ် အဲဒီထဲမှာ ထိုင်းလူမျိုးတွေအများဆုံးဘဲတဲ့ ) 
          အဲဒီအကြောင်းကိုတော့ နောက်တော့ အချိန်ရရင်ပြောပြမယ် ) ”
”အင်း စိတ်ဝင်စားလာပြီ နောက်တော့  ပြောပြနော် အဘိုး ”
” အေးပါ နောက်တော့ ပြောပြပါမယ် ”
ကဲ ပုံကိုဆက်ပြောမယ်
ဥက္ကလာပမင်းကြီးက ဂေါတမမြတ်စွာဘုရားရဲ ဆံတော်ကိုဋ္ဌာပနာပြီးစေတီတည်ဘို့အတွက် 
ဘယ်နေရာမှာပါလိမ့်လို့ လိုက်ရှာကြသတဲ့။ ဘယ်သူ့မှ မေးမရေတာ့ ဒေသခံနတ်မင်းကြီးတွေထဲက
အသက်အရှည်ဆုံးစတုမဟာရာဇ်အနွယ် ရုက္ခစိုးနတ်မင်းကြီးက သိကြားမင်းနဲ့နတ်တွေအားလုံးကို
ပင့်ဖိတ်စုဝေးစေပြီးမေးအဖြေရှာတဲ့အခါမှာ“သိင်္ဂုတ္တရကုန်းတော်” ကိုတွေ့ရှိခဲ့တယ်၊
          နတ်နဲ့ သိကြားတွေစုဝေးတိုင်ပင်ပြီးအဖြေရှာတဲ့နေရာကိုအမှတ်တရဖြစ်အောင်စုလေစေတီ
ဆိုပြီးစေတီတစ်ဆူတည်ထားတယ်-အခုမင်းတို့သိတဲ့ရန်ကုန်မြို့ တော်ခမ်းမရှေ့ ကဆူးလေစေတီနေရာ
ဘဲကွဲ့  ၊ အဲနေရာမှာ နတ်တွေအားလုံးမေးမြန်းတိုင်ပင်တော့မှ အရင်ပွင့်တော်မူပြီးဖြစ်တဲ့ဘုရားသုံး
ဆူရဲ့ တို့ရဲ့ ဓါတ်တွေမွေတော်တွေဖြစ်တဲ့
ကကုဿန်မြတ်စွာဘုရားရှင်ရဲ့  တောင်ဝှေးတော်၊၊
ကောဂမန မြတ်စွာဘုရားရှင်ရဲရေစစ်တော်၊
ကဿပမြတ်စွာဘုရားရှင်ရဲရေသနုပ်သင်္ကန်းတော်မြတ်
တို့ကိုဘယ်မှာရှိတယ်ဆိုတာကိုသိရှိလာကြတယ်
တဖုဿနှင့်ဘလ္လိကညီနောင်တို့ထံကရခဲ့တဲ့ဂေါတမမြတ်စွာ ဘုရားရှင်ရ့ဲဆံတော်
တို့ကိုစုပေါင်းပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်မှာအနက် ၄၀၄ တောင်အကျယ် ၄၄ တောင်
ရှိတဲ့ဥမင်လိုဏ်ခေါင်းတစ်ခုတူးပြီး ဌာပနာထားခဲ့တယ်၊
စေတီတော် စတင်တည်တဲ့နေ့ဟာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့ပေါ့၊ဒါကြောင့်
နှစ်စဉ်တပေါင်းလပြည့်နေကိုရွှေတိဂုံဘုရားပွဲဆိုပြီးကျင်းပနေတာပေါ့
စေတီတော်စတည်တုန်းက ဥာဏ်တော်ဟာ ( ၄၄ ) တောင်ဘဲမြင့်တယ်၊
အရင်တုန်းကစေတီတော်ကို“တိဂုမ္ဗစေတီတော်”လို့ဘွဲ့ချီမော်ကွန်း ထိုးခဲ့တယ် “တိဂုမ္ဗစေတီတော်”ဟာ
ဂေါတမဘုရားရှင်ရဲ့ သာသနာတော်မှာ ပထမဦးဆုံးမြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်တည်ထား
ခဲ့တဲ့စေတီဖြစ်တယ်ကွဲ့ 
ဒါကြောင့် မြန်မာနိုင်ငံဟာ “စေတီ အစ ရွှေတိဂုံက”
သာသနာအစ  မြန်မာကလို့ခေါ်နိုင်တယ်ကွဲ့ 
” ဟာ ဒါဆို သမီးတို့ မြန်မာနိုင်ငံက တော်တော် ထူးတာပေါ့နော် အဘိုး ”
” အေး ပေါ့ကွဲ့ သာသနာအစကလဲ မြန်မာနိုင်ငံ ကဘဲ စေတီ အစကလဲ မြန်မာနိုင်ငံကဘဲ
ဒါကြောင့် မင်းတို့လက်ထက်မှာ ဒီဘုရားသာသနာ့ဆက်လက်တည်တန့်အောင်ထိန်းသိမ်း
စောင့်ရှောက်ကြရမယ် နော် ”
” ဟုတ်ကဲ့ ပါ အဘိုး ”
ကဲ ကဲ ရွှေတိဂုံသမိုင်းအကြောင်းကြုံကြိုက်လို့ပြောပြီးတော့ ဥက္ကလာပ မင်းကြီးရဲ့
သား မင်းနန္ဒာအကြောင်းကိုတော့ နောက်ညမှ ဆက်ပြောပြမယ်
အခုလဲ မိုးတော်တော် ချုပ်နေပြီ ပြန်ကြပေတော့
ဟော ဟော ကာလသားကြက်တွန်နေပြီ 
အောက် အိ အီး  အွတ်   အောက် အိ အီး  အွတ်
 မြတ်ဘုရားရွှေတိဂုံ - ကိုမင်းနောင်
မှီငြမ်းကိုးကားသောကျမ်းများနှင့်စာမူများ
၁ - အန်တီတင့်- Bolg  သိသင့်သောရွှေတိဂုံဘုရားသမိုင်း
၂ - နားခိုရာ Blod ကမ္ဘာ့အံ့ဘွယ်ရှေတိဂုံစေတီတော်
၃ - ဘုံပျံဆရာတော် ဦးပညာသာမိ ရေးသားသော ဗိုလ်တထောင် ဆံတော်ဦး
     စေတီတော် သမိုင်းအကျဉ်း
၎ - ရှင်မွေးလွန်း မင်းနန္ဒာ ဇာတ်ညွှန်း - ရွှေနှင်းဆီ
No comments:
Post a Comment