မိုးကုတ်ဝိပဿနာရှုနည်း အပိုင်း (၁)
(၁) အာနာပါနပေးပုံ
မိုးကုတ်ဆရာတော်ဘုရားကြီးသည် အားထုတ်စယောဂီသစ်များကို အာနာပါနရှု၍ သမာဓိထူထောင်ခိုင်းသည်။ ("ဒီရောက်လာတဲ့ အလုပ်တောင်းတဲ့၊ အလုပ်လုပ်တဲ့ ဒကာ ဒကာမတွေ တစ်ရက်ဆိုလို့ရှိရင် ဘုန်းကြီးကအလုပ်ကို မပေးသေးဘူး.. သမာဓိဖမ်းပါဦးလို့ ပြောလိုက်တယ်.." {ဘာကြောင့်မဂ်မရပါလိမ့် သမာဓိမရှိလို့ စာအုပ်ကြီး-၂၈/ စာအုပ်သေး -၁၀၀ မှ-} အာနပါနထူထောင်ခိုင်းပုံမှာ နှာသီးဖျားတွင် စိတ်ထားပြီး လေထွက်တာသိ လေ၀င်တာသိအောင် လုပ်ရပါမည်..ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်၊ နာရီဝက်တိုင်တိုင် စသည်ဖြင့် "ထွက်လေ ၀င်လေ" ကိုထွက်တိုင်းသိ ၀င်တိုင်းသိအောင် သတိထား ၀ီရိယစိုက်၍ စောင့်သိပေးရပါမည်။ ဖြစ်ပျက်မြင်ပြီးသော်လည်း သမာဓိ အားမကောင်းသေးသော ယောဂီများလည်း တရားစတင် ရှုမှတ်တိုင်း မိနစ်အနည်းငယ် (သို့) လိုအပ်သလောက် အာနာပါနရှု၍ သမာဓိထူထောင်သင့်ပါသည်။
(၂) ဒိဋ္ဌိဖြုတ်ပေးပုံ
မိုးကုတ်ဆရာတော် ဘုရားကြီးသည် ယောဂီများ ခန္ဓာဥာဏ်ရောက် တရားအားမထုတ်ခင် အမြင်မှား ဒိဋ္ဌိသုံးမျိုးကို အသိဥာဏ်ဖြင့် ကွာအောင် ဒိဋ္ဌိဖြုတ်ပေး တော်မူပါသည်။ ဤအချက်သည် မိုးကုတ်ဝိပဿနာ၏ ထူးခြားမှု တရပ်ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီးသည် ၀ိပဿနာတရား အားထုတ်ချင်လာအောင်၊ အားထုတ်ရာတွင်လဲ ကြိုးစားအားထုတ် လာအောင် သံဝေဂ ရဖွယ်တရားများကို ပိုင်နိုင်စွာ ဟောကြား ဆုံးမတော်မူပြီးနောက် ဒိဋ္ဌိဖြုတ်တရားများကို ဟောကြားတော်မူပါသည်။ ဒိဋ္ဌိဖြုတ် တရားများ ဟောကြားရာတွင် ဟောတရားများအပြင် ပဋိစ္စသမုပ္ပါဒ် ဒေသနာစဉ်ကို ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် တီထွင်ရေးဆွဲတော်မူသော ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ဒေသနာပုံစံဖြင့် ဟောကြား ပြသတော်မူပါသည်။ ဒိဋ္ဌိဖြုတ်တရား၏ အဓိက အနှစ်ချုပ်မှာ ပုဂ္ဂိုလ်သတ္တ၀ါမရှိဘဲ ဓမ္မသဘောသာရှိကြောင်း ထိုဓမ္မသဘောများသည်လဲ ခိုင်မြဲမနေဘဲ ဖြစ်ပြီးပျက်နေကြောင်း၊ မခိုင်မြဲသော်လည်း အကြောင်းအကျိုးမဆက်ပဲ အစပျောက်ပြတ်စဲ သွားခြင်းမျိုး မဟုတ်ကြောင်း သိရှိစေရန် ဖြစ်ပါသည်။ ယောဂီများသည် ခန္ဓာဥာဏ်ရောက် တရားအားမထုတ်မှီ ဒိဋ္ဌိကိုအသိဥာဏ်ဖြင့် ကွာအောင် ဒိဋ္ဌိဖြုတ်တရား၊ ပဋိစ္စသမုပ္ပါဒ်တရားများကို ကြေကြေလည်လည်ရှိအောင် နာကြားသင်ယူထားကြရပါမည်။
မိုးကုတ်ဆရာတော်ဘုးရားကြီးက (၁) သတိပဋ္ဌာန်၊ (၂) သတိပဋ္ဌာန ဘာဝနာ၊ (၃) သတိပဋ္ဌာန အကျင့်လမ်းဆုံး ဟူ၍ ဟောကြားဆုံးမတော်မူသော ၀ိပဿနာကျင့်စဉ် (၃၀၊၈၊၆၁) တရားတော်နှင့်အညီ ဤစာတမ်း၌ အဆင့်ဆင့် ရေးသားတင်ပြ သွားပါမည်။
(၃) စိတ္တာနုပဿနာရှုပွားပုံ
သတိပဋ္ဌာန်
"စိတ်တွေပေါ်တိုင်း သိတာ သတိပဋ္ဌာန်" ဟု ဟောကြားချက်နှင့်အညီ ယောဂီတို့သဏ္ဍာန်၌ ပေါ်နိုင်သည့် စိတ်အမျိုးအစား(၁၃)မျိုးမှာ-
(၁) မြင်စိတ်၊
(၂) ကြားစိတ်၊
(၃) နံစိတ်(အနံ့ရစိတ်)၊
(၄) စားစိတ်၊
(၅) ယားနာကောင်းစိတ်(ကိုယ်စိတ်)၊
(၆) လောဘစိတ်(လိုချင်စိတ်၊ ရချင်စိတ်၊ စားချင်စိတ်....စသည်..)၊
(၇) ဒေါသစိတ်(မကျေနပ်စိတ်၊ အလိုမကျစိတ်၊ ပျင်းစိတ်......စသည်..)၊
(၈) မောဟစိတ်(တွေဝေစိတ်၊ ငိုက်မျဉ်းစိတ်၊ သံသယစိတ်....စသည်...)၊
(၉) အလောဘစိတ် (ပေးကမ်းလှူဒါန်းလိုစိတ်၊ ကုသိုလ်ကောင်းမှုပြုလိုစိတ်......စသည်...)၊
(၁၀) အဒေါသစိတ် (သနားစိတ်၊ သူတပါးကောင်းကျိုးလိုလားစိတ်...စသည်..)၊
(၁၁) တွေးတောကြံစည်စိတ် (ရောက်တတ်ရာရာ ကြံစည်စိတ်....)၊
(၁၂) လေကိုရှုသွင်းစိတ်၊
(၁၃) လေကိုရှိုက်ထုတ်လိုစိတ်။
အထက်ပါ စိတ်(၁၃)မျိုး မိမိသဏ္ဍာန်၌ ပေါ်နေသည်ကို ပေါ်တိုင်းပေါ်တိုင်း သိအောင်လုပ်ရပါမည်။ အဆင်းတခုခုမြင်တိုင်း မြင်စိတ်ပေါ်သည်ဟု သိရပါမည်။ အသံတခုကြားလျှင် ကြားစိတ်ပေါ်သည်ဟု သိပေးရမည်။ အနံ့တခုခုရတိုင်းလဲ အနံ့ရစိတ် စိတ်ပေါ်သည်(သို့) နံစိတ်ပေါ်သည်ဟု သိပေးရမည်။ လျှာပေါ်တွင် အရသာတခုခု စားတိုင်းစားတိုင်း စားစိတ်ပေါ်နေသည်ဟု သိရပါမည်။ ကိုယ်ပေါ်တွင် ယားခြင်း၊ နာခြင်း၊ ပူခြင်းစသည်ဖြင့် ဘာပဲပေါ်ပေါ် ကိုယ်စိတ်ပေါ်သည်ဟု သိပေးရမည်။ မနောဒွါရတွင်လဲ လိုချင်ရချင်စိတ်ပေါ်လျှင် လောဘစိတ် (သို့) လိုချင်စိတ်ပေါ်သည်ဟု သိရပါမည်။ ကိုယ့်သဏ္ဍာန် ပေါ်သည့်စိတ်ကို ကိုယ်သိနိုင်သလိုသာ သိနိုင်ပါသည်။ ပါဠိအမည်ဖြင့် မှန်ကန်စွာသိနိုင်ဖို့ အရေးမကြီးပါ။ ပေးချင်လျှင် ပေးချင်စိတ် ပေါ်သည်ဟု မကျေနပ်လျှင် မကျေနပ်စိတ်ပေါ်သည်ဟု အသိလိုက်ပေးယုံသာ။ အိပ်ချင်လျှင်လဲ အိပ်ချင်စိတ်ပေါ်သည်ဟု သိပေးရမည်။ (အခြားစိတ်များကိုလဲ ဤနည်းတူ သိကြရပါမည်။) ယောဂီပုဂ္ဂိုလ်သည် မိမိသဏ္ဍာန်၌ ပေါ်လာသောစိတ်များကို ပေါ်တိုင်းပေါ်တိုင်း လိုက်လိုက်သိပေးနေခြင်းသည် သတိပဋ္ဌာန်ပွားများ ကျင့်ကြံရာရောက်သလို မိမိသဏ္ဍာနရှိ ခန္ဓာငါးပါးထဲမှ ၀ိညာဏက္ခန္ဓာကို ရှာဖွေတွေ့ရှိခြင်း ဖြစ်ပါသည်။ ထိုခန္ဓာသည် ပရမတ်ခန္ဓာအစစ်ပင် ဖြစ်ပါသည်။ ထိုခန္ဓာသည် လုံးရပ်သဏ္ဍာန်၊ ပုံဟန်၊ နိမိတ်မရှိပါ။ သိမှုသဘောသာလျှင် ရှိပါသည်။ ထို့ကြောင့် ဆရာတော်ဘုရားကြီးက "ခွေးမဟောင်တဲ့ ခန္ဓာကို ၀ိပဿနာ ရှုရမယ်" ဟုဆုံးမတော်မူပါသည်။ ဤသတိပဋ္ဌာန်အဆင့် ပွားများမှုကို ပိုင်နိုင်လာသော ယောဂီသည် ၀ိပဿနာရှုစရာ အရှုခံခန္ဓာကို ရှာတွေ့လာပြီး ဟု ဆိုနိုင်သကဲ့သို့ ငါမြင်တယ်၊ ငါကြားတယ်၊ ငါတွေးတယ် စသောငါထင်မှု သက္ကာယဒိဋ္ဌိကိုလဲ ပွားများမှုဖြင့် ဖြုတ်ရာရောက်နေပါသည်။
(Credit to new.mogokdhamma.com)

No comments:
Post a Comment