မိုးကုတ်ဝိပဿနာရှုနည်း အပိုင်း (၂)

(၄) သတိပဋ္ဌာနဘာဝနာ
သတိပဋ္ဌာန်အဆင့် ပွားများအားထုတ်၍ ခန္ဓာပေါ်တိုင်း(သို့) စိတ်ပေါ်တိုင်းသိလာနိုင်သော ယောဂီသည် သတိပဋ္ဌာနဘာဝနာဖြစ်အောင် ဆက်လက်ရှုပွားရမည်။ သတိပဋ္ဌာန ဘာဝနာဟူသည် ထိုစိတ်၏အပျက်ကို ရှုနိုင်ခြင်းကိုခေါ်သည်။
အနိစ္စရှု၊ အနိစ္စမှတ်၊ အနိစ္စသိရှုပွားနည်း
ဤရှုပွားနည်းတွင် မိမိသဏ္ဍာန်၌ ပစ္စုပ္ပန်တည့်တည့်အကြောင်းတိုက်ဆိုင်၍ ပေါ်လာသော စိတ်၏နောက်မှ ဥာဏ်လိုက်ရန်ဖြစ်ပါသည်။ ဥပမာ- လိုချင်စိတ်တခုပေါ်လာပါက သတိပဋ္ဌာန်အဆင့်တွင် လိုချင်စိတ်ပေါ်သည်ဟု သိပေးခဲ့ပါသည်။ ယခု သတိပဋ္ဌာနဘာဝနာအဆင့်တွင် ထိုလိုချင်စိတ်နောက်မှ ထိုစိတ်သည် အနိစ္စပဲဟုရှု /မှတ် /သိပေးရပါမည်။ (အနိစ္စဟုဆိုရာတွင် ပါဋ္ဌိဘာသာဖြင့် သိနားလည်နိုင်လျှင် အနိစ္စဟုသိရပါမည်။ သို့မဟုတ် ဒီစိတ်ကလေးကလည်း မခိုင်မြဲဘူး (သို့) ဖြစ်ပြီး ပျက်နေတဲ့သဘောပဲ၊ အပျက်ပဲ ဟုမိမိနားလည်လက်ခံသဘောကျသလို အသိလိုက်ရပါမည်။) အခြားစိတ်များပေါ်တိုင်းလဲ အလားတူအသိလိုက်ပေးပါ။ ဤအနိစ္စရှုနည်းသည် ဘာကအနိစ္စမှန်း၊ ဘယ်လိုအနိစ္စမှန်း မသိပဲ ရမ်းရှုနေခြင်းမျိုးမဟုတ်ပဲ မိမိသဏ္ဍာန်ပေါ်လာသော အရှုခံပရမတ်ခန္ဓာကို ဥာဏ်ဖြင့်လက်ညှိုးထိုး၍ "မင်းအနိစ္စပဲ" ဟု ရှုခြင်းမျိုးဖြစ်ပါသည်။
ကိုယ့်စိတ်ကိုယ်အကဲခတ်ရှုပွားနည်း
ဤရှုပွားနည်းတွင် အရှုခံစိတ်တခုခုပေါ်လာသောအခါ ယောဂီပုဂ္ဂိုလ်က ထိုစိတ်ရှိသေးသလား မရှိတော့ဘူးလားဟု အကဲခတ်ရှုပွားရန် ဖြစ်ပါသည်။ ဤရှုပွားနည်းဖြင့် ရှုပွားလိုသောယောဂီသည် စိတ်တွေ၏နိယာမ သဘောတရားအရ "စိတ်နှစ်ခုပြိုင်မပေါ်နိုင် " ဟူသောအချက်ကို သဘောကျ လက်ခံထား ရပါမည်။ စိတ်တွေပြိုင်ပေါ်နေသည်ဟူသော အထင်မှားသည် "မျက်စိတမှိတ်၊ လျှပ်တပြတ်၊ လက်ဖျစ်တတွတ်အတွင်း စိတ်ပေါင်း ကုဋေတသိန်းကျော် တခုနှင့်တခု မပြိုင်ဘဲ ဆင့်ကာဆင့်ကာ ပေါ်သွားသည်" ဟူသော အလွန် လျင်မြန်သော စိတ်အလျင်ကိုနားမလည်နိုင်၊ မသိနိုင်သောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ဤအဆင့်တွင် ယောဂီက မိမိသဏ္ဍာန်ပေါ်လာသော စိတ်ကိုရှိမရှိ အကဲခတ်/တွေး/ဥာဏ်ဖြင့်ကြည့်လိုက်သောအခါ ကြည့်သော၊ တွေးသော၊ အကဲခတ်သော စိတ်သာရှိ၍ ရှေ့ကပေါ်သွားသော စိတ်မရှိတော့ဟု သိ၍မခိုင်မြဲခြင်း အနိစ္စသဘောကို ဥာဏ်၌ ထင်မြင်နိုင်ပါသည်။
(၅) ဝေဒနာနုပဿနာ ရှုပွားပုံ
သတိပဋ္ဌာန်
ခံစားမှုသဘောဖြစ်သည့် ဝေဒနာတွေပေါ်တိုင်း သိအောင်ပွားများရပါမည်။
ယောဂီသဏ္ဍာန်၌ ပေါ်နိုင်သည့် ဝေဒနာအမျိုးအစား (၁၂)မျိုးမှာ-
(၁) မြင်သောအခိုက် ဥပေက္ခာဝေဒနာ၊
(၂) ကြားသောအခိုက် ဥပေက္ခာဝေဒနာ၊
(၃) အနံ့ရသောအခိုက် ဥပေက္ခာဝေဒနာ၊
(၄) စားသောအခိုက် ဥပေက္ခာဝေဒနာ၊
(၅) ကိုယ်ပေါ်တွင် ချမ်းသာခိုက် သုခဝေဒနာ၊
(၆) ကိုယ်ပေါ်တွင် ဆင်းရဲခိုက် ဒုက္ခဝေဒနာ၊
(၇) စိတ်တွင် ချမ်းသာခိုက် သောမနဿဝေဒနာ၊
(၈) စိတ်တွင် ဆင်းရဲခိုက် ဒေါမနဿဝေဒနာ၊
(၉) စိတ်တွင်ချမ်းသာသည်လဲ မဟုတ်၊ ဆင်းရဲသည်လဲမဟုတ်ခိုက် ဥပေက္ခာဝေဒနာ၊
(၁၀) စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် လေရှုရှိုက်နေခိုက် သောမနဿ ဝေဒနာ၊
(၁၁) စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြင့် လေရှုရှိုက်နေခိုက် ဒေါမနဿဝေဒနာ၊
(၁၂) စိတ်ချမ်းသာသည်လဲမဟုတ် ဆင်းရဲသည်လဲမဟုတ် လေရှုရှိုက်နေခိုက် ဥပေက္ခာဝေဒနာ ပေါ်နေပါသည်။
ဤအဆင့်တွင် စိတ္တာနုပဿနာရှုပွားပုံအတိုင်း - ဝေဒနာတွေပေါ်တိုင်းပေါ်တိုင်း ဘာဝေဒနာ ဘာဝေဒနာဟု သိအောင်ကြိုးစားရမည်။
သတိပဋ္ဌာနဘာဝနာ
အနိစ္စရှု၊ အနိစ္စမှတ်၊ အနိစ္စသိရှုပွားနည်း
မိမိသဏ္ဍာန်ပေါ်လာသောဝေဒနာ၏နောက်မှ အနိစ္စဟု သိသောဥာဏ်လိုက်ရမည်ဖြစ်သည်။
(အကျယ်မှာ စိတ္တာနုပဿနာရှုပွားပုံနည်းအတိုင်း ဖြစ်ပါသည်။)
ကိုယ့်ဝေဒနာကို အကဲခတ်ရှုနည်း
စိတ္တာနုပဿနာပါ အကဲခတ်ရှုပွားနည်းအတိုင်း ရှုမှတ်ရပါမည်။ အကဲခတ်သည့်ဥာဏ်ပေါ်ခိုက် ရှေ့ကပေါ်သွားသောအရှုခံဝေဒနာ မရှိတော့ပါ။
(Credit to new.mogokdhamma.com)
No comments:
Post a Comment