မိုးကုတ်ဝိပဿနာရှုနည်း အပိုင်း (၃)

(၆) အထွေထွေသိမှတ်ဖွယ်ရာ
အနိစ္စလက္ခဏာ
ဝိပဿနာရှုသောယောဂီသည် ပရမတ်သဘောခန္ဓာ၏ မခိုင်မြဲမှုအနိစ္စကို မြင်ရန်ကြိုးစားကြရမည် ။ အနိစ္စသဘောကိုဥာဏ်ဖြင့်မြင်သိရန် အနိစ္စ၏လက္ခဏာကို သိအောငf ကြည့်ရပါမည်။ "ဖြစ်ပြီးမရှိတော့ခြင်းသည်" အနိစ္စလက္ခဏာဖြစ်ပါသည်။ "ပေါ်ပြီးပျောက်သွားခြင်း" "ရှိရာကမရှိတော့ခြင်း" သည်ပင် အနိစ္စလက္ခဏာဖြစ်သည်။ အရှုခံခန္ဓာပေါ် လာသောအခါ ရှိမရှိအကဲခတ်ကြည့်လိုက်သောအခါ "ပေါ်ပြီးပျောက်သွားခြင်း" "ရှိရာကမရှိတော့ခြင်း" "ဖြစ်ပြီးမရှိတော့ခြင်းသည်" အနိစ္စလက္ခဏာကို သိ၍ အနိစ္စမခိုင်မြဲခြင်းသဘော ကို ဥာဏ်၌ထင်မြင်လာနိုင်ပါသည်။ (ဤနေရာတွင် လုံးဝမရှိသော သဘောမျိုးမဟုတ်၊ လုံးဝမရှိတာရှုခဲ့လျှင် ပညတ်ဘက်သို့ ရောက်သွားပါမည်။ ၂၁၊၄၊၆၄ ဟော စာအုပ်သေး-၂၁၆ စာအုပ်ကြီး-၂၃ တွင် အကျယ်လေ့လာနိုင်ပါသည်။)
ဆင်အိပ်ဥပမာ
ဆရာတော်ဘုရားကြီးသည် ယောဂီများအား ဥာဏ်၌ဖြစ်ပျက်ထင်မြင်ပုံကို နားလည်စေရန် ဆင်အိပ်သည့်ဥပမာဖြင့် ဟောကြားတော်မူပါ သည်။ တောအစပ်တွင်ရှိသော အိမ်၌နေသော သူသည် ညအခါအိမ်ရှေ့မှဆင်အော်သံများကို ကြားရသည်။ နံက်သို့ရောက်သောအခါ အိမ်ရှေ့သို့ ထွက်ကြည့်ရာတွင် ဆင်လာအိပ်သွားသောလက္ခဏာများဖြစ်သော ခြေရာ၊အိပ်ခဲ့သောနေရာများကို ကြည့်ခြင်းအားဖြင့် ဆင်ကိုမမြင်ခဲ့ရသော်လည်း ဆင်ခြင်ဥာဏ်ဖြင့် ဆင်လာအိပ်ပြီး ပြန်သွားပြီးဟု သိနိုင်ပါသည်။ ထို့အတူယောဂီများကလည်း မိမိ သဏ္ဍာန်ပေါ်နေသည့် ပရမတ်ခန္ဓာကို မိမိဥာဏ်ဖြင့်ပြိုင်ပြီး သိနေသည့်သဘောမဟုတ်ဘဲ ပညာဥာဏ်ဖြင့်ဆင်ခြင်၍ "ဖြစ်လဲဖြစ်ခဲ့ပြီး ယခုမရှိတော့ဘဲ ပျက်သွားပြီး" ဟုဖြစ်မှုပျက်မှုကို သိခြင်းမျိုးဖြစ်အောင် ကြိုးစားပွားများ အားထုတ်ကြရပါမည်။
ပင့်ကူဥပမာရှုပွားပုံ
စိတ္တာနုပဿနာ(သို့) ဝေဒနာနုပဿနာရှုပွားရာတွင် ပင့်ကူဥပမာရှုပွားပုံကို ဆက်လက်ဖော်ပြပါမည်။ တောထဲတွင်ပင့်ကူကြီးများသည် ပင့်ကူမျှင်များဖြင့်အိမ်ဖွဲ့ထားပြီး ၄င်းတို့သည် အိမ်၏အလယ်ဗဟို၌ နေကြသည်။ စားစရာအကောင်တခုခု ပင့်ကူအိမ်၌ကပ်လာလျှင် ထိုနေရာ၌ သွားစားပြီးအလယ်ဗဟိုချက်မ၌ ပြန်နေသည်။ ထို့အတူယောဂီများ သည် ဗဟိုချက်မနှင့်တူသော ထွက်လေ၀င်လေနှင့် ယှဉ်တွဲနေသောစိတ် (သို့) ဝေဒနာ၏အပျက်ကို ပင်တိုင်ထားရှု၍ အခြားစိတ် (သို့)ဝေဒနာများပေါ်လာပါက ပေါ်ရာထင်ရှားရာစိတ် (သို့)ဝေဒနာကို ရှုရပါမည်။ ဤနေရာတွင် ပင်တိုင်ရှုပွားပုံသည် အာနာပါနသက်သက် သမာဓိထူထောင်ခြင်း မျိုးမဟုတ်ဘဲ ထိုဝင်လေထွက်လေအခိုက် ယှဉ်သောစိတ်(သို့)ဝေဒနာ၏ အပျက်ကို မိအောင်ရှုရန်ဖြစ်သည်ကို အထူးသတိပြုကြရပါမည်။
ဓမ္မာနုပဿနာရှုပွားပုံ
မိုးကုတ်ဆရာတော်ဘုရားကြီးသည် ဓမ္မာနုပဿနာရှုပွားနည်းကို သစ္စာလေးပါး ထင်မြင်အောင်ရှုနည်း၊ ဒုက္ခသစ္စာထင်မြင်အောင်ရှုနည်း စသည်ဖြင့် ဟောကြား ဆုံးမ တော်မူပါသည်။ ဤစာတမ်းတွင် ဒုက္ခသစ္စာထင်မြင်အောင်ရှုနည်းကို တင်ပြသွားပါမည်။ မိမိသဏ္ဍာန်၌ မြင်တိုင်း၊ ကြားတိုင်း၊ နံတိုင်း၊ စားတိုင်း၊ ထိတွေ့တိုင်း၊ ကြံတွေးတိုင်း ထိုသဘောတွေကို "ဒုက္ခသစ္စာတွေပဲ" ဟု ဥာဏ်ဖြင့်သိအောင် ကြိုးစားအားထုတ်ကြရပါမည်။ ဤနေရာတွင် ဆရာတော်ဘုးရားကြီးကဘုးရားဟောပါဠိတော် အကိုးအကားများ၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာပါ သစ္စာဖွဲ့ပုံများဖြင့် လည်းကောင်း၊ ဖြစ်ပြီးပျက် သွားသောတရားများသာဖြစ်၍ ဘာပေါ်ပေါ်ဒုက္ခသစ္စာများသာဖြစ်ကြောင်း လက်ခံလာနိုင်အောင် ဟောကြားပြသဆုံးမတော်မူပါသည်။
ဖြစ်ပျက်မုန်းအောင်၊ ဖြစ်ပျက်ဆုံးအောင် ရှုကြပါ။
မိုးကုတ်ဝိပဿနာရှုနည်းအရ ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ အာနာပါနဖြင့် သမာဓိထူထောင်ပါ။ ထို့နောက်ခန္ဓာ၊ အာယတန၊ဓါတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ်တရားများ နာကြားသင်ယူ၍ ဒိဋ္ဌိကိုအသိဥာဏ်ဖြင့်ခွာနိုင်အောင် ကြိုးစားကြရပါမည်။ ထို့နောက် ထိုသမာဓိ ဥာဏ်ပညာ အသိဥာဏ်များဖြင့် မိမိသဏ္ဍာန်၌ ပေါ်လာသောခန္ဓာငါးပါးမှတပါး ဖြစ်သောစိတ်(သို့) ဝေဒနာ တွေကို ပေါ်တိုင်းပေါ်တိုင်း သိအောင်ကြိုးစားရပါမည်။ ထို့နောက်ထိုခန္ဓာတွေ၏အပျက်ကို မြင်အောင်ရှုကြရပါမည်။ ထို့နောက် ဒုက္ခသစ္စထင်မြင် လာသည်အထိ ဆက်လက်ရှုပွားကြရပါမည်။ ဖြစ်ပျက်၊ အနိစ္စ၊ဒုက္ခသစ္စာ သိသောဥာဏ်ကို ကြိမ်ဖန်များစွာဖြစ်အောင် ပွားများကြရပါမည်။ သို့မှသာ ၄င်းဖြစ်ပျက်၊ အနိစ္စ၊ဒုက္ခသစ္စာကို မလိုချင်သော၊ မုန်းသောဥာဏ်ပေါ်လာပြီး ဆက်လက်ရှုပွားသွားပါက ဖြစ်ပျက်၊ အနိစ္စ၊ ဒုက္ခသစ္စာတို့၏ချုပ်ဆုံးရာ နိဗ္ဗာန်ကို မျက်မှောက်အာရုံပြုနိုင်မည် ဖြစ်သည်။ ယောဂီအပေါင်း တို့သည် မိမိသဏ္ဍာန်၌ ပေါ်လာသောစိတ်(သို့)ဝေဒနာတွေ၏ ဖြစ်မှုပျက်မှုကို သတိထား၊၀ီရိယစိုက်ပြီး ပညာဖြင့် ဖြစ်ပျက်ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်သည်အထိ ကျင့်ကြံပွားများနိုင်ကြပါစေသတည်း။
ကိုနိုင်လင်းဟန်(ဓမ္မရောင်ခြည်) ဓမ္မဒါနအဖြစ်ဖြင့် ရေးသားပေးပို့သည်။
(Credit to new.mogokdhamma.com)
No comments:
Post a Comment